1.jpeg
3.jpeg
2.jpeg
Shadow

  

 

သမိုင်းနောက်ခံအကျဉ်း

 

အမှတ်(၁)စက်မှုသင်တန်းကျောင်း( ဆင်တဲ ) သည် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲရွာအနီးတွင် တည်ရှိ၍ ရန်ကုန်မြို့မှ မိုင် (၁၈၀)ခန့် ကွာဝေးပါသည်။ အကျယ်အဝန်းမှာ (၈၉.၂၀)ဧက ရှိပါသည်။

၁၉၇၀ ပြည်နှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ သင်ကြားမှုအထောက်အကူပစ္စည်းများ ပြပွဲတွင်ပါဝင်ခဲ့သော ပြည်ထောင်စု သမ္မတ ဂျာမနီ နိုင်ငံ၏ ပြသချက်များအပေါ် စိတ်ဝင်စားမှုများရှိခဲ့သဖြင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ တောင်းဆိုချက်အရ စက်မှုသင်တန်းကျောင်းအမှတ် (၃) ( စက်မှုသင်တန်းကျောင်း ဆင်တဲ၏ မူလအမည် ) အား တည်ထောင်ရန် စတင်ခဲ့ပါသည်။ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ အစိုးရထံမှ ပေးပို့သော စက်မှုပညာလေ့ကျင့်ပူးပေါင်းဆောင်ရွက်လိုကြောင်း နှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်လိုကြောင်း စာအရ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ စီပွားရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီမှ ဒေါက်တာ အမ်ဘရုစတာ ခေါင်းဆောင်သော အဖွဲ့အား ပဏာမ စူးစမ်းလေ့လာမှုများ ပြုလုပ်ရန် ၁၉၇၁ ခုနှစ် ၊ August လတွင် စေလွှတ်ခဲ့ပါသည်။

၁၉၇၂ ခုနှစ် ၊ ဇန်နဝါရီလတွင် ဒေါက်တာ ဘိုလင်ဝါ ဉီးဆောင်သော အဖွဲ့သည် အပြီးသပ်လိုအပ်သော အချက်အလက်များ စုဆောင်းနိုင်ရန်အတွက် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။ ထိုကဲ့သို့ လာရောက်စူးစမ်းလေ့လာပြီးနောက် စက်မှုသင်တန်းကျောင်း စီမံကိန်းအား အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပါသည်။

 

စီမံကိန်းအား ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာ ဉီးစီးဌာနလက်အောက်တွင် စက်မှုသင်တန်းကျောင်း အမှတ် (၃) အနေဖြင့် (၁) မြောက်ဥက္ကလာပ၊ (၂) တောင်ဥက္ကလာပ၊ (၃) သာကေတ မြို့များတွင် နေရာများကြည့်ရှုပြီး တည်ထောင်ရန် စီစဉ်ခဲ့ပါသည်။ ထိုသို့စီစဉ်ဆောင်ရွက်ခဲ့စဉ်အခါက ပြည်ထောင်စုသမ္မတ ဂျာမနီ နိင်ငံနှင့် အခြားဥရောပနိုင်ငံများတွင် ကျင့်သုံးလျက်ရှိသော ယှဉ်တွဲလေ့ကျင့်သင်ကြားရေးစနစ် (Dual Training) ဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများနှင့် ပညာသင်ကျောင်း စနစ်အား ထိရောက်စွာ အကောင်အထည်ဖော်ရန် ခက်ခဲ့မှုရှိမည်ကို တွေ့ရှိလာသဖြင့် အမှတ်(၂)စက်မှုဝန်ကြီးဌာနက တာဝန်ယူရန် ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပခဲ့သော ဝန်ကြီးများအဖွဲ့အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါသည်။

 

အမှတ်(၂)စက်မှုဝန်ကြီးဌာနအနေဖြင့် စက်ပစ္စည်းများနှင့် ကိရိယာများ ထုတ်လုပ်လျက်ရှိသော အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းမှ တာဝန်ယူ အကောင်အထည်ဖော်ရန် တာဝန်ပေးခဲ့ပါသည်။ ထို့ကြောင့် စက်မှုသင်တန်းကျောင်းအား အကြီးစားစက်မှုလုပ်ငန်း ကော်ပိုရေးရှင်းလက်အောက်ရှိ စက်ရုံများ တည်နေရာ၏ အချက်အချာကျသော ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာအနီး မိုးကောင်းအနောက်ဘက်တောင်ကြောပေါ်တွင် တည်ထောင်ရန် နှစ်ဉီးနှစ်ဖက် သဘောတူညီခဲ့ကြပါသည်။

 

စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံနှင့် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတို့သည် စက်မှုသင်တန်းကျောင်း တည်ထောင်ရန် ကျွမ်းကျင်မှု အကူအညီပေးရေး စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် စာချုပ်မူကြမ်းများအား အကြိမ်ကြိမ် ညှိနှိုင်းပြင်ဆင်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။

ယင်းစားချုပ် နောက်ဆက်တွဲအားဖြင့် သင်တန်းကျောင်းဆောက်လုပ်ရေးတွင် လိုအပ်သည့် ပြည်ပမှ ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ မှာယူတင်သွင်းရန်အတွက် စီမံကိန်းအား အကောင်အထည်ဖော်လျက်ရှိကြသော ဂျာမနီကျွမ်းကျင်မှု အကူအညီပေးရေးအေဂျင်စီလီမိတက် (GIZ)နှင့် အကြီးစားစက်မှုလုပ်ငန်းကော်ပိုရေးရှင်းတို့သည် ငွေကြေးသုံးစွဲမှုဆိုင်ရာ စာချွန်လွှာ လဲလှယ်ခဲ့ကြပါသည်။

သဘောတူစာချုပ်အရ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသည် စက်မှုသင်တန်းကျောင်း အတွက်လိုအပ်မည့် စာသင်ခန်းများ၊ အလုပ်ရုံများ၊ နိုင်ငံခြားသားကျွမ်းကျင်သူများအတွက် နေအိမ်များ၊ ကျောင်းသား ကျောင်းသူများ နေထိုင်ရန် အဆောင်များနှင့် လိုအပ်သော ကျောင်းအဝင်လမ်း၊ ရေ၊ မီးသွယ်တန်းခြင်း လုပ်ငန်းများအား တာဝန်ယူရပါသည်။ ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံအနေဖြင့် စာသင်ခန်းသုံး ပစ္စည်းကိရိယာများ ၊ စက်များနှင့် အခြား လိုအပ်သော သင်ထောက်ကူ သင်တန်းသုံးကိရိယာများအား ထောက်ပံ့ ကုညီခဲ့ပါသည်။

စက်မှုသင်တန်းကျောင်းတွင် ဘာသာရပ်(၇)မျိုး လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက် လိုအပ်သော စက်ကိရိယာများ ရုံးသုံးပရိဘောဂများ၊ ဆောက်လုပ်ရေးနှင့် ရေ ၊ လျှပ်စစ် မိလ္လာပစ္စည်းများ၊ ကျွမ်းကျင်သူ အကူအညီများရရှိသည့်အပြင် မြန်မာသင်တန်းဆရာများအား မြန်မာနိုင်ငံတွင် လေ့ကျင့်သင်ကြားခြင်းနှင့် ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသို့ စေလွှတ်၍ လေ့ကျင့်သင်ကြားပေးခြင်းများ ပြုလုပ်နိုင်ခံပါသည်။ ဂျာမန် ကျွမ်းကျင်ပညာရှင်များကိုလည်း ဂျာမနီကျွမ်းကျင်မှုအကူအညီပေးရေးအေဂျင်စီလီမီတက် (GIZ)၏ အစီအစဉ်ဖြင့် သင်တန်းကျောင်းသို့ စေလွှတ်၍ နည်းပြများအား လေ့ကျင့်သင်ကြား ပေးခဲ့ပါသည်။